Wednesday, March 19, 2014

ကျင့်ဝတ်ဆိုင်ရာတရားမျှတမှု (၂)

ကျင့်ဝတ်ဆိုင်ရာတရားမျှတမှု (၂)
-သန်းစိုးနိုင်-



ကျင့်ဝတ်ဆိုင်ရာအဘိဓမ္မာ

          အဆိုပါ ကျင့်ဝတ်ဆိုင်ရာ အမှားအမှန်ပြဿနာများ အကြောင်းကို ပြန်လည်စဉ်းစား သုံးသပ်ကြမည် ဆိုလျှင် အခြေခံမူသဘောနှင့် စီရင်ဆုံးဖြတ်မှုတို့၏ အပြန်အလှန် ဆက်ဆံရေးတို့ကို ဦးစားပေး စဉ်းစားရမည်ပင် ဖြစ်သည်။ အခြေခံမူသဘောမှာ အရင်းခံအားဖြင့် လူတို့သည် တရားမှန်ကန်သော အမှုကိုသာ ပြုလိုကြ၏။ ထိုတရားမှန်ကန်သည့် အမှုကို လက်တွေ့ပြုမူ ဆောင်ရွက်ရင်း အကျိုးသက်ရောက်မှုကို အဆုံးအဖြတ်ပြုကြရ၏။ ထိုအဆုံးအဖြတ်ဖြင့် အခြေခံမူသဘောတို့အပေါ် ထပ်မံဖြည့်ဆည်း ပြုပြင်ကြရမြဲဖြစ်၏။ ယင်းဖြည့်ဆည်းပြုပြင်ထားသည့် အခြေခံမူသဘောကိုပင် လက်တွေ့ပြန်လည်စမ်းသပ်မှု ပြုမူလှုပ်ရှားပြီးနောက် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ရပြန်သည်။ ယင်းသို့ မူသဘောနှင့် အဆုံးအဖြတ်သဘောတို့ အပြန်ပြန်အလှန်လှန် ဆက်ဆံမှုပြုပြီးသည့်အခါ ကျင့်ဝတ်ဆိုင်ရာ နှုန်း၊ စံ၊ တန်ဖိုးများ အသိအမှတ် ပေါ်ထွန်းလာခဲ့ရသည်။ အဆိုပါ ကျင့်ဝတ်ဆိုင်ရာ နှုန်း၊ စံ၊ တန်ဖိုးများမှာ ရေရှည်ဖြစ်ပေါ် တိုးပွားလာခြင်း၏ အကျိုးဆက်ဖြစ်သော်လည်း မပြောင်းလဲနိုင်သည့် ပုံသေနည်းများကား မဟုတ်ကြပေ။

          ယင်းသို့ ကျင့်ဝတ်ဆိုင်ရာ အခြေခံမူသဘောများနှင့် အဆုံးအဖြတ်ပေးမှုတို့၏ အတွင်းသဘောဆက်ဆံရေးတို့ကို ဂရိခေတ်ကပင် ဆိုကရေးတီး၏ ကထာများ (Dialogues of Socraties) နှင့် အရစ္စတိုတယ် (Aristotal) ၏ ကျင့်ဝတ်ဆိုင်ရာဒဿန(Moral Philosophy) ကျမ်းများတွင် တွ့ခဲ့ကြရသည်။ အရစ္စတိုတယ်၏ အဆိုအရ ကျင့်ဝတ်ဆိုင်ရာ အခြေခံမူများနှင့် ဆုံးဖြတ်ချက်တို့ အပြန်အလှန် ဆက်ဆံမှုပြုရုံမျှဖြင့် ကျင့်ဝတ်ဆိုင်ရာအမြင်များ လင်းပွင့်တိုးတက်မှု မရနိုင်ပေ။ အကြောင်းမှာ အခြေခံမူသဘောတို့မည်သည် ရေရှည်လက်ခံထားသည့် အစွဲအလမ်းများသာ ဖစ်ကြ၏။ ထိုအစွဲအလမ်းများဖြင့် လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပျက်နေသမျှကို ကြည့်မြင်နေသမျှ မှန်ကန်သောဆုံးဖြတ်ချက် ချနိုင်မည်မဟုတ်ပေ။ ထိုကျင့်ဝတ်အမြင်များ၏ လင်းပွင့်တိုးတက်မှုဆိုသည်မှာ တစ်ယောက်တည်း ထိုင်စဉ်းစားနေရုံမျှဖြင့် မဖြစ်နိုင်ပေ။ လူတစ်ဦးချင်း၏ စိတ်ထဲ၊ ဦးနှောက်ထဲတွင် အစွဲအလမ်းအခံများကြောင့် ဒွိဟသံသယများ ပဋိပက္ခများဖြင့် မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်ဖွယ် မရှိပေ။ ကျင့်ဝတ်အမြင်များ လင်းပွင့်တိုးတက်ရန် မိတ်ဆွေအသိုင်းအဝိုင်း နေ့စဉ်လူမှုဘဝ အပြောင်းအလဲများနှင့် အစဉ်ထိကပ် ဆက်စပ်နေရန်လိုသည်။ ထိုသို့ လူမှုဘဝအဝန်းအဝိုင်းအတွင်းမှ အမြင်ပြောင်းလဲမှုများနှင့် ထိတွေ့ဆက်စပ်နေမှသာ အရိုးစွဲနေသော အခြေခံမူသဘောများကို ဖြည့်ဆည်းပြောင်းလဲနိုင်မည် ဖြစ်၏။ ဤသို့ ပြောင်းလဲနိုင်မှလည်း ကျင့်ဝတ်ဆိုင်ရာအမြင်များ လင်းပွင့်တိုးတက်လာမည်ဖြစ်သည်။

          ပလေတို၏ 'သမ္မတနိုင်ငံ'ကျမ်း အလိုအရ ဆိုကရေးတီးက အထက်ပါအမြင်ရှိသူပုဂ္ဂိုလ်တို့မှာ လိုဏ်ဂူထဲတွင် အကျဉ်းချခံထားရသူများနှင့်တူသည် ဆို၏။ ထိုသူတို့မှာ ဂူထဲရှိ ရုပ်ဝတ္ထုများ၏ အရိပ်ကိုသာ မြင်တွေ့ဖူးပြီး ယင်းတို့ကိုပင် အစစ်အမှန်ဟု ထင်နေခဲ့ကြ၏။ ထိုဂူထဲမှ ထိုးဖောက်ထွက်လာနိုင်သူ ဒဿနပညာရှင်သာ နေရောင်ခြည်အောက်ရှိ အရာများအားလုံးကို ပကတိသဘာဝအတိုင်း မြင်နိုင်စွမ်းရှိကြသည်။ နေရောင်ခြည်အောက်တွင် ရောက်နေသူ ဒဿနပညာရှင်သည်သာလျှင် ဂူထဲရှိ အမှောင်ထုအောက် ရောက်ရှိနေသူများကို အုပ်ချုပ်နိုင်မည် ဖြစ်ပေသည်။ ပလေတိုကိုယ်တိုင်၏ အမြင်အရမူ ကျင့်ဝတ်ဆိုင်ရာ အစွဲအလမ်းများမှ ရုန်းထွက်ကာ နေ့စဉ်နေထိုင်မှုဘဝဆိုင်ရာ ဖြစ်ရပ်များနှင့် ကင်းကွာပြီး စဉ်းစားဆင်ခြင်နိုင်မှ တရားမျှတမှုနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ ကောင်းမှု၏သဘောသဘာဝကို ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။ ပလေတိုပြောသည့် ကျင့်ဝတ်ဆိုင်ရာ အစွဲအလမ်းများမှ ရုန်းထွက်ရမည်ဆိုသည့် သဘောထားမှာ မှန်ပါသည်။ သို့သော် နေ့စဉ်နေထိုင်မှုဘဝဆိုင်ရာ ဖြစ်ရပ်များနှင့် ကင်းကွာစွာ စဉ်းစားဆင်ခြင်ရမည်ဆိုသည့် သဘောထားမှာ မမှန်ကန်ပါ။ လူမှုအသိုင်းအဝိုင်းအတွင်းမှ နေ့စဉ်ဘဝဆိုင်ရာ အတွေ့အကြုံများနှင့် ပေါင်းစပ်ဖြည့်ဆည်းနိုင်မှသာ ကျင့်ဝတ်ဆိုင်ရာ အစွဲအလမ်းများမှ ရုန်းထွက်စေနိုင်ပြီး ကျင့်ဝတ်များကို လင်းပွင့်ဖွံ့ဖြိုး တိုးတက်စေနိုင်မည် ဖြစ်သည်။ အဆိုပါ ဖွံ့ဖြိုးလာသော ကျင့်ဝတ်အမြင်သစ်များကိုလည်း ကောင်းမြတ်မှန်ကန်မှု ရှိမရှိဆိုသည်ကို လူ့အဖွဲ့အစည်းထဲတွင် လက်တွေ့ပြန်လည် အသုံးချကြည့်ခြင်းဖြင့် ထပ်မံစစ်ဆေးစမ်းသပ်ကြရမည်ဖြစ်သည်။ ထို့ကြောင့် ကျင့်ဝတ်နှင့် လူ့အဖွဲ့အစည်းတို့သည် အပြန်အလှန် ဆက်စပ်နေသကဲ့သို့ အပြန်အလှန် ပဋိပက္ခလည်း ဖြစ်နေကြသည့် ဒိုင်ယာလက်တစ်နည်းကျ ဆက်ဆံရေးဖြစ်သည်။ အလားတူ အခြေခံမူသဘောနှင့် အဆုံးအဖြတ်ပေးမှုတို့သည်လည်း အနုပဋိလောမသဘောအရ အပြန်အလှန် အကြောင်းအကျိုးပြု ဆက်ဆံမှုပင် ဖြစ်သည်။ ဆိုကရေးတီး၏စကားဖြင့် ချုပ်ပြောရလျှင်

          'ဂူထဲရှိ နံရံပေါ်မှအရိပ်များ (ပြည်သူများ) နှင့် ထိတွေ့ဆက်ဆံမှုမပြုသော ဒဿနသည် အတွေးအခေါ်အရ အမြုံသာ ဖြစ်နေပေလိမ့်မည်'

          တချိန်တည်းတွင် ကျင့်ဝတ်ဆိုင်ရာ အမြင်များနှင့် လူ့အဖွဲ့အစည်းတို့ ပေါင်းမိသည့်အခါ နိုင်ငံရေးပြဿနာများအဖြစ်သို့ သဘာဝကျစွာ အသွင်ပြောင်းသွားတော့သည်။ ထိုအခါ ကျင့်ဝတ်ဆိုင်ရာအဘိဓမ္မာက လူ့အဖွဲ့အစည်းကို မည်သို့သောဥပဒေဖြင့် စိုးမိုးအုပ်ချုပ်မည်နည်းဟု မေးခွန်းထုတ်လာနိုင်စရာ ရှိပေသည်။ ပဒေသရာဇ်အုပ်စိုးမှုပုံစံ၊ အရင်းရှင်အုပ်စိုးမှုသဏ္ဌာန်၊ ကွန်မြူနစ်အုပ်စိုးမှုစနစ်တို့သည် လူ့အဖွဲ့အစည်းတွင် လွှမ်းမိုးနေသော ကျင့်ဝတ်နှုန်းစံများနှင့် ကိုက်ညီပါ၏လော။ ဒီမိုကရေစီစနစ်သည် လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှမှုနှင့် တရားမျှတမှုဆိုသည့် ကျင့်ဝတ်အခြေခံများကို မည်သို့ အာမခံနိုင်မည်နည်း။

          ဤမေးခွန်းများ၏ အဖြေများကို သမိုင်းခေတ်ကာလတလျှောက်ရှိ မတူသောခေတ်တွင် မတူသည့် နိုင်ငံရေးဒဿနပညာရှင်များက အမျိုးမျိုးဖြေရှင်းပြနိုင်ရန် ကြိုးစားခဲ့သည်များ ရှိခဲ့ကြပါသည်။ ဤမှာဘက်တွင် အရစ္စတိုတယ်အီမန်နျူရယ် ကန့် (I.Kant)၊ ဂျွန်စတူးဝပ်မီးလ် (John Stuart Mill)၊ ဂျွန်ရောလ် (John Rawls) နှင့် ကားလ်မာ့က်စ်တို့သည် ကြီးကျယ်ထင်ရှားသည့် ပညာရှင်ကြီးများပင် ဖြစ်ကြသည်။ လူမှုဘဝ ရှင်သန်အသက်ဝင် လှုပ်ရှားစေရန် တွန်းအားပေးခဲ့ကြသည့် တရားမျှတမှုနှင့် အခွင့်အရေး၊ တာဝန်ရှိမှုနှင့် သဘောတူညီမှု၊ ဂုဏ်ပြုမှုနှင့် ကောင်းမှု၊ ကျင့်ဝတ်နှင့် တရားဥပဒေဆိုင်ရာ ပညာရှင်များ၏ အတွေးအမြင်များကို လက်လှမ်းမီသမျှ လေ့လာဆွေးနွေးသွားကြရပါဦးမည်။ သို့မှသာ ကျင့်ဝတ်ဆိုင်ရာ တရားမျှတမှု၏ အမှားအမှန်ပြဿနာကို ပိုမိုပီပြင် ရှင်းလင်းစွာ နားလည်လာနိုင်ပါလိမ့်မည်။

No comments:

Post a Comment