Monday, March 17, 2014

တရားမျှတတယ်ဆိုတာ ဘာလဲ (၁)

တရားမျှတတယ်ဆိုတာ ဘာလဲ (၁)
-သန်းစိုးနိုင်-


    ၂ဝဝ၄ ခုနှစ် နွေရာသီက ချာလီမုန်တိုင်းကြီး မက္ကဆီကိုပင်လယ်ကွေ့ကနေ ဖလော်ရီဒါပြည်နယ်ကို ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခတ်ဖြတ်သန်းပြီး အတ္တလန်တိတ်သမုဒ္ဒရာထဲကို ဝင်ရောက်သွားခဲ့သည်။ မုန်တိုင်းဒဏ်ကြောင့် ဖလော်ရီဒါ ပြည်နယ်တစ်ခုလုံး ကြေမွပျက်စီးသွားခဲ့ရပြီး လူ(၂၂)ယောက် သေဆုံးကာ ဒေါ်လာ(၂၂)ဘီလီယံဖိုးခန့် ဆုံးရှုံးနစ်နာခဲ့ရသည်။ ဒီမုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်းမှာ အိမ်ရာတိုက်တာ၊ သစ်ပင်ကြီးငယ်၊ လမ်းတံတား အပျက်အစီးတွေ အားလုံးကို ထုံးစံအတိုင်း အလျင်အမြန်ပြန်လည်ပြုပြင်ကြရသည်။ ဒါပေမယ့် ထုံးစံအတိုင်းမဟုတ်တာ ဝယ်ယူရတဲ့ပစ္စည်းတွေရဲ့ ဈေးနှုန်း၊ ပြင်ဆင်စရိတ်တွေရဲ့ တန်ဖိုးနှုန်းထားက ပုံမှန်နှုန်းထားထက် မတရားသဖြင့် မြင့်တက်လာခဲ့သည်။ ဓာတ်ဆီဈေးနှုန်းက အရင်တစ်ဂါလံကို နှစ်ဒေါ်လာကနေ ဆယ်ဒေါ်လာ ဖြစ်သွား သည်။ အရင်စတိုးဆိုင်တွေက ဒေါ်လာ ၅ဝ နဲ့ ရောင်းနေကျပစ္စည်းတွေက ဒေါ်လာ ၂၅ဝ အထိ တက်သွားခဲ့သည်။ အိမ်ပြိုသွားလို့ တည်းခိုခန်းပေါ် တက်နေရသူတွေကလည်း အရင်ကအခန်းခ တစ်နေ့ဒေါ်လာ ၄ဝ ကနေ ၁၆ဝ အထိ မြင့်တက်သွားကြတာကို ပေးရသည်။ ဒီမှာတင် ဖလော်ရီဒါတစ်နယ်လုံး ရုတ်တရက် ကုန်ဈေးနှုန်းတွေ ထိုးတက်သွားတဲ့ပြဿနာကို မကျေမနပ် ပြောဆိုဝေဖန် ကန့်ကွက်လိုက်ကြတာ ပွက်လောရိုက်သွားခဲ့၏။

    ဒီကိစ္စနဲ့ပတ်သက်ပြီး USA TODAY သတင်းစာကြီး ကလည်း 'မုန်တိုင်းအလွန် ကောင်းကင်ယံမှာ၊ လင်းတတွေတော့ ဝဲပျံနေကြပြီ' ဆိုတဲ့ ခေါင်းစည်းနဲ့ သတင်းဆောင်းပါးအရှည်ကြီးတစ်ပုဒ် ရေးလိုက်တော့ မီးလောင်ရာလေပင့်ဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ဆွေးနွေးငြင်းခုံပွဲကြီးတစ်ရပ် ပေါ်ပေါက်လာပါတော့၏။ 'လူတွေက ဒုက္ခရောက်နေချိန်မှာ ဈေးနှုန်းတွေတင်ပြီး အမြတ်ထုတ်တာ တရားမျှတရဲ့လား'။ အဲဒီအချိန်က ဖလော်ရီဒါပြည်နယ်ရဲ့ ရှေ့နေချုပ် ချာလီခရစ်ကတော့  'မုန်တိုင်းကြီးတိုက်ခတ်ပြီး လူတွေဒုက္ခရောက်နေတာကို အခွင့်ကောင်းယူ အမြတ်ထုတ်မယ်ဆိုတဲ့ လူတွေရဲ့လောဘရမ္မက်စိတ်ကတော့ တုန်လှုပ်ချောက်ခြားစရာ ကောင်းလွန်းပါတယ်ဗျာ'ဟု မှတ်ချက်ချခဲ့၏။ ကုန်ဈေးနှုန်း ရုတ်တရက်မြှင့်တင်မှု တားဆီးကာကွယ်ရေးဥပဒေ ချမှတ်ထားသည့် ဖလော်ရီဒါပြည်နယ်၏ ရှေ့နေချုပ် ခရစ်၏ရုံးခန်းသို့ ကန့်ကွက်တိုင်တန်းလွှာပေါင်း နေ့စဉ်နှစ်ထောင်ဝန်းကျင်မျှ ရောက်ရှိနေတော့သည်။ ထိုကန့်ကွက်လွှာများထဲတွင် ရှေးဟောင်းအလယ်ခေတ်ကကဲ့သို့သော ကာလမျိုးမှာပင် ကုန်စည်ဖလှယ်ရေးတွင် 'တရားမျှတသော ဈေးနှုန်း' (Justice Price) စနစ် ကြီးစိုးလွှမ်းမိုးခဲ့ကြောင်း ထောက်ပြကြ၏။ တရားမျှတသောဈေးနှုန်းဆိုသည်ကို အစဉ်အလာတန်ဖိုးအရ (သို့) သင့်တင့်လျောက်ပတ်သည့် တန်ဖိုးဖြင့်သင့်ရမည်ဟု ယူဆခဲ့ကြ၏။ သို့သော် ဈေးကွက်စီးပွားရေးပညာရှင်များကမူ ဈေးနှုန်းဆိုသည်ကို 'ရောင်းလိုအား'နှင့် 'ဝယ်လိုအား'က ဆုံးဖြတ်သတ်မှတ်ခြင်းသာဖြစ်၍ 'တရားမျှတသောဈေးနှုန်း'ဟူသည်မရှိဟူ၍ ပြတ်သားစွာ ပယ်ချခဲ့ကြ၏။


    ထိုစဉ်ကTAMPA TAIBUNE သတင်းစာတွင် ဈေးကွက်စီးပွားရေးပညာရှင် ထောမတ်ဆိုဝဲလ်က 'ဈေးနှုန်းမြင့်တက်တယ်ဆိုတာ အတော်စိတ်လှုပ်ရှားစရာ ကောင်းတာပေါ့။ ဒါပေမဲ့ ဘောဂဗေဒသဘောအရတော့ ဘာမှအလေးထား စဉ်းစားစရာလိုတဲ့ပြဿနာ မဟုတ်ပါဘူး။ ဖလော်ရီဒါမှာ ဆောင်းတွင်းဆို ရေခဲတစ်ထုပ် နှစ်ဒေါ်လာနဲ့ရပေမယ့် နွေမှာတော့ ဆယ်ဒေါ်လာပေးရပါလိမ့်မယ်။ တကယ်တော့ ဈေးနှုန်းဆိုတာ ရောင်းသူနဲ့ဝယ်သူအကြား ကုန်ပစ္စည်းတစ်ခုအပေါ် ရိုးရိုးလေး အပေးအယူလုပ်ကြတဲ့ သဘောပါပဲ' ဟု ရှင်းပြခဲ့၏။ အလားတူ ဈေးကွက်လေ့လာသူ ဆောင်းပါးရှင် ဂျက်ဖ်ဂျက် ကော့ဘီကလည်း' အမှန်တော့ ဈေးကွက်ထဲမှာ ဈေးနှုန်းမြင့်မားလာတာကို ဘာမှစွဲချက်တင်နေစရာမလိုပါဘူး။ ဒါလောဘရမ္မက်ကြီးမှုသက်သက်လည်း မဟုတ်ပါဘူး။ လွတ်လပ်တဲ့ ဈေးကွက်ရဲ့ သဘောသဘာဝပါပဲ။ ဈေးတွေတက်လာတော့ လူတွေကတော့ ဒေါသဖြစ်ကြမှာပေါ့။ ဒါပေမယ့် ဒီဒေါသကို လွတ်လပ်တဲ့ဈေးကွက်က ထည့်တွက်မှာတော့ မဟုတ်ပါဘူး' ဟူ၍ ဆောင်းပါးရေးခဲ့၏။


    ထိုအခါ ဖလော်ရီဒါပြည်နယ်၏ ရှေ့နေချုပ် ခရစ်ကလည်း အဆိုပါ TAMPA နေ့စဉ်သတင်းစာတွင် အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားတုံ့ပြန်ခဲ့၏။ ထိုပေးစာတွင် 'မုန်တိုင်းနဲ့ရင်ဆိုင်နေရတဲ့ အရေးပေါ်ကာလမျိုးအတွင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ ဘဝရပ်တည်ရေးအတွက် အခြေခံလိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးနေရတဲ့ကာလမျိုးမှာ ဈေးနှုန်းတွေမြှင့်တင်လိုက်တယ်ဆိုတာ ဗူးလေးရာ ဖရုံဆင့်တင်လိုက်တဲ့ သဘောပဲ။ ဒါကို အစိုးရတစ်ရပ်အနေနဲ့ သာမန်ဈေးကွက် အပေးအယူသဘောဆိုပြီး ရပ်ကြည့်မနေနိုင်ဘူး။ ပြည်သူလူထုဘဝ အဆင်ပြေသက်သာရေးအတွက် လိုအပ်တဲ့ ထိန်းချုပ်မှုတွေ ဝင်ရောက်ဆောင်ရွက်ပေးရမှာပဲ' ဟု သူ၏သဘောထားကို ထုတ်ဖော်ကြေငြာလိုက်၏။ ဤသို့ဖြင့် ချာလီဟာရီကိန်းအလွန်ကာလတွင် ဈေးနှုန်းများမြှင့်တင်လိုက်သည့်ကိစ္စအပေါ် အငြင်းပွားမှုသည် 'ကျင့်ဝတ်နှင့် တရား ဥပဒေ' (MORALITY AND LAW) ပြဿနာတို့အကြား အငြင်းပွားရသည့် အနေအထားသို့ ရောက်ရှိသွားတော့သည်။


    ဤသို့ဖြင့် မေးစရာမေးခွန်းများစွာ ပေါ်ပေါက်လာတော့သည်။
- သဘာဝဘေးအန္တရာယ် ကျရောက်နေခြင်းမျိုးကို အခွင့်ကောင်းယူကာ ရောင်းသူများက ဈေးနှုန်းမြှင့်တင်ခြင်းသည် လွတ်လပ်သောဈေးကွက်လောကတွင် အပြစ်ရှိပါသလား။
- ယင်းသို့သောအနေအထားတွင် အစိုးရနှင့် တရားဥပဒေတို့က ရပ်ကြည့်နေရမည်လော။
- လွတ်လပ်သောဈေးကွက်တွင် ရောင်းသူနှင့် ဝယ်သူအကြား အပေးအယူလုပ်ထားကြသည့် ဈေးနှုန်းကို အစိုးရက တရားဥပဒေအရ ဝင်ရောက်ကန့်သတ်သင့်သလော။
- အဆိုပါကျင့်ဝတ်ပြဿနာကို ဥပဒေအရ ကိုင်တွယ်ဖြေရှင်း သင့်ပါသလား။


    အထက်ပါမေးခွန်းများမှာ လူတစ်ဦးချင်းစီအကြား ဆက်ဆံရေးပြဿနာသက်သက်မျှ မဟုတ်ပေ။ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို မည်သို့စည်းရုံးသင့်သည်၊ ယင်းသို့စုစည်းရာတွင် တရားဥပဒေပါဝင်ရမည့် အခန်းမှာ မည်သို့ဖြစ်သင့်သည်၊ လူ့အဖွဲ့အစည်း၏ ညီညွတ်တည်ငြိမ်ရေးအတွက် အခြေခံလိုအပ်ချက်မှာ ဤဟာပင်ဖြစ်သည်။ တနည်းအားဖြင့် ချုပ်ပြောရလျှင် လူ့အဖွဲ့အစည်းအတွင်းရှိ 'တရားမျှတမှု' (Justice)  ပြဿနာပင်ဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရေးအတွက် အရင်းခံအကျဆုံး လုပ်ငန်းမှာ 'တရားမျှတမှု' ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို ဖွင့်ဆိုနိုင်ရန်ကြိုးပမ်းရေးပင် ဖြစ်သည်။ 'တရားမျှတမှု'၏ သဘောသဘာဝကို ပြည့်စုံမှန်ကန်စွာ နားလည်ရေးပင်ဖြစ်သည်။


    ဆိုခဲ့သော ချာလီမုန်တိုင်းလွန်ကာလတွင် ဈေးနှုန်းမြင့်တက်ခြင်းအပေါ် ငြင်းခုံခြင်းများကို ချုပ်ကြည့်လျှင် 'တရားမျှတမှု'ရှိရေးအတွက် ဘက်အသီးသီးမှ အမြင်အမျိုးမျိုးဖြင့် ချဉ်းကပ်တင်ပြခဲ့ခြင်းဖြစ်၏။ ယင်းဘက်အသီးသီး၏ အမြင်အမျိုးမျိုးကို ထပ်မံသုံးသပ် ပေါင်းရုံးကြည့်မည်ဆိုလျှင်လည်း အခြေခံပြဿနာ သုံးရပ်ပေါ်တွင် လည်ပတ်လှုပ်ရှားနေကြောင်း တွေ့ကြရပေလိမ့်မည်။ ယင်းတို့မှာ-


(၁) အများပြည်သူတို့၏ အဆင်ပြေသက်သာမှုကို အကြီး မားဆုံး မြှင့်တင်ပေးရေး  (Maximizing Welfare)
(၂) လွတ်လပ်မှုကို အပြန်အလှန်လေးစားရေး (Respecting Freedom)
(၃) ကောင်းမြတ်မှန်ကန်သည့်တရားများ ထွန်းကားရေး (Promoting Virtue)
တို့ဖြစ်ကြ၏။ လက်တွေ့အားဖြင့် ဈေးကွက်မှန်သမျှတွင် လက်တွေ့အခြေခံလိုအပ်ချက် နှစ်ရပ်ရှိ၏။ ဦးစွာအားဖြင့် အများပြည်သူများ အဆင်ပြေသက်သာရေးကို ဦးစားပေးကြရမည်ဖြစ်၏။ ထို့ကြောင့်လည်း စူပါမားကက်ကြီးများတွင် တစ်ထိုင်တည်း တစ်နေရာတည်း လိုရာမှန်သမျှ ဝယ်ယူရရှိနိုင်စေမည့် တစ်နေရာတည်းအပြီး ဝန်ဆောင်မှုများ ပေးနေခြင်း ဖြစ်၏။ ဒုတိယအားဖြင့် ဈေးကွက်မှန်သမျှသည် စားသုံးသူများ၏ လွတ်လပ်ခွင့်ကို လေးစားလိုက်နာရမည်ဖြစ်၏။ စားသုံးသူများ ဝယ်လိုသောပစ္စည်း၊ ရလိုသော အရည်အသွေး၊ ပေးလိုသောဈေးနှုန်း မှန်သမျှကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးရေး ဖြစ်၏။



အပိုင်း (၂) ဆက်ပါဦးမည် ...

No comments:

Post a Comment