Monday, March 17, 2014

တရားမျှတတယ်ဆိုတာ ဘာလဲ (၂)

ယမန်နေ့မှအဆက် .......

တရားမျှတတယ်ဆိုတာ ဘာလဲ (၂)




         
သို့သော် ချာလီမုန်တိုင်းတိုက်ပြီးနောက် ထူးခြားသောအနေအထားအောက်တွင် လုပ်ငန်းရှင်များက ဈေးနှုန်းများမြှင့်တင်လိုက်ကြ၏။ ယင်းတို့အား ဤသို့ဈေးနှုန်းမြှင့်တင်လိုက်ခြင်းဖြင့် ဈေးကောင်းရလိုသော ထုတ်လုပ်သူများက ပြည်သူလူထု လိုအပ်တာမှန်သမျှ အလျင်အမြန် အမြောက်အများ ထုတ်လုပ်လာကြသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်ဆန်သွက်လက်လာသည်ဟု ဆိုကြ၏။ ထို့ပြင် မုန်တိုင်းကျလိုက်သည့် ထူးခြားသောအခြေအနေမျိုးအောက်တွင် စားသုံးသူများ၏ လွတ်လပ်စွာရွေးချယ်ခွင့်ဆိုသည်မှာ မလွှဲမရှောင်သာစွာ အကန့်အသတ်ရှိလာ၏။ စားသုံးသူများ၏ ဝယ်လိုအား ရုတ်တရက် မြင့်တက်များပြားလာခြင်းကြောင့် ဈေးကွက်သဘာဝအရ အပြိုင်အဆိုင်ရောင်းချကြရင်း ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်သည်ဟူ၍ ခုခံချေပခဲ့ကြသည်။
         
သို့သော် စားသုံးသူများဘက်ကလည်း ဝယ်လိုအား များပြားလာခြင်း၊ ကုန်စည်ပြတ်လပ်ခြင်းတို့ကြောင်း ဈေးနှုန်းမြင့်တက်မှု အတန်အသင့်ရှိလာခြင်းမျိုးကို နားလည်ပေးနိုင်ကြ၏။ 'မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ' ဆိုသော သဘောထားဖြင့် လူအများ သေကောင်ပေါင်းလဲဖြစ်နေချိန်မျိုးတွင် ကုန်ဈေးနှုန်းများ မိုးသို့ထိုးထောင် အပြိုင်အဆိုင် မြှင့်တင်နေ ကြသည့် လုပ်ငန်းရှင်'လင်းတ'ကြီးများကို ဒေါသထွက်နေကြခြင်းဖြစ်၏။ ယင်းသို့ပေါက်ကွဲထွက်လာသည့် ဒေါသမှာ အရင်းခံအားဖြင့် တရားလွန်'တရားမမျှတမှု' (Injustice)ဟူသည့် စိတ်ခံစားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်နယ်ရှေ့နေချုပ် ခရစ်က 'စားသုံးသူများရဲ့ ဒေါသပေါက်ကွဲမှု အရင်းအမြစ်မှာ ဈေးကွက်အခြေခံကြောင့်မဟုတ်၊ ကျင့်ဝတ်အခြေခံကြောင့်သာ ဖြစ်တယ်။ မုန်တိုင်းကြောင့် လူထုဒုက္ခမျိုးစုံ ခံစားနေရချိန်မျိုးမှာ ရသလောက် အမြတ်ထုတ်လိုက်မယ် ဆိုတဲ့ လောဘရမ္မက်စိတ်ကို ဒေါသထွက်နေကြတာပါ' ဟု ကောက်ချက်ချခဲ့၏။
         
လောဘရမ္မက်ဆိုသည်မှာ မကောင်းမှု အကုသိုလ်စိတ်ဖြစ်၏။ အထူးသဖြင့် မုန်တိုင်းကြောင့် လူထုဒုက္ခရောက် နေချိန်မျိုးတွင် လောဘရမ္မက်တက်သောစိတ်မှာ ကျင့်ဝတ်သဘောအရ အလွန်ဆိုးရွားလှ၏။ ထို့ပြင် ဤယုတ်ညံ့သော စိတ်ထားမျိုးကို လူတစ်ဦးတစ်ယောက်ချင်းအပေါ် ထားရှိခြင်း မဟုတ်။ လူ့အဖွဲ့အစည်းအပေါ် ထားရှိခြင်းဖြစ်၍ ပိုမိုရိုင်းစိုင်း ယုတ်မာလှ၏။ လူ့အဖွဲ့အစည်းအပေါ် ထားရှိသည့် ဤစိတ်ရိုင်းစိတ်မိုက်မျိုးကို လူ့အဖွဲ့အစည်းကလည်း ထိုက်တန်သည့် ပြစ်ဒဏ်ပြန်ခတ်သင့်ပေသည်။ သို့မှသာလျှင် ပြည်သူများကလည်း 'တရားမျှတသည်' (Justice) ဟု ယူဆကြပေလိမ့်မည်။ ထို့ကြောင့်လည်း ကမ္တွာကြီးကို စစ်မီးစစ်လျှံထဲသို့ ထိုးသွင်းလာခဲ့သော ဟစ်တလာအား သမိုင်းက ဒဏ်ခတ်ခဲ့ခြင်းကို ပြည်သူများက ကြိုဆိုခဲ့ကြခြင်းဖြစ်၏။ နျူရင်ဘတ် စစ်ခုံရုံးသည် နာဇီစစ်ရာဇဝတ်ကောင်များကို ထိုက်တန်စွာ သေဒဏ်ပေးလိုက်ခြင်းဖြင့် ကမ္တွာကြီး၏ 'တရားမျှတမှုဆိုင်ရာ' စံနမူနာ ဖြစ်လာခဲ့ရပေသည်။ ထို့အတူ ယနေ့ မီလိုဆီဗစ်ကဲ့သို့သော စစ်ရာဇဝတ်ကောင်များကို စစ်ဆေးအပြစ်ဒဏ်ပေးနေသည့် ဟိဂ်မြို့ရှိ 'ကမ္တွာ့တရားခုံရုံး'သည်လည်း ကမ္ဘာကြီး တွင် 'တရားမျှတမှု'ထွန်းကားရေးအတွက် အာမခံချက်ပေးနေသည့်နေရာပင် ဖြစ်သည်။ ချုပ်ကြည့်လျှင် ဆိုခဲ့သည့်အတိုင်း 'တရားမျှတမှု'ဆိုသည်တွင် ပြည်သူများ သက်သာအဆင်ပြေရေးနှင့် 'လွတ်လပ်ခွင့်'သာမက 'ကောင်းမွန်မြင့်မြတ်သည့် ကျင့်ဝတ်နှုန်းစံများ' ပါဝင်ရန်လည်း အရေးကြီးပေသည်။ ထိုကောင်းမြတ်သည့် ကျင့်ဝတ်နှုန်းစံများ ဥပဒေအဖြစ် ပုံပေါ်မှသာလျှင် 'တရားမျှတမှု'ကို အပြည့်အဝ ခံစားခွင့်ရမည် ဖြစ်ပေသည်။ ယင်းသို့ လူ့အဖွဲ့အစည်းတွင် 'တရားမျှတမှု လွှမ်းမိုးရေးအတွက် မြင့်မြတ်ကောင်းမွန်သောကျင့်ဝတ်များ' တရားဥပဒေအဖြစ် ရှင်သန်လှုပ်ရှားလာရေးဆိုသည်မှာ 'ခေတ်သစ်နိုင်ငံရေးဒဿနနယ်ပယ်'ကို အကြီးကျယ်ဆုံး စိန်ခေါ်နေသော မေးခွန်းကြီးပင်ဖြစ်ပေသည်။

- တရားမျှတသော လူ့အဖွဲ့အစည်းတွင် ပြည်သူများအတွင်း မြင့်မြတ်ကောင်းမွန်သော ကျင့်ဝတ်များ တိုးပွားကောင်းမွန်လာအောင် စွမ်းဆောင်နေပါသလော။
(သို့မဟုတ်)
- ပြည်သူများအနေဖြင့် ကောင်းမွန်သည့် ဘဝနေထိုင်မှုပုံစံကို သူတို့ကိုယ်တိုင် ရွေးချယ်နိုင်ရေးအတွက် တရားဥပဒေသည် မတူသောကောင်းမှုဆိုင်ရာ အမြင်အမျိုးမျိုးကြားတွင် ပါဝင်ဆုံးဖြတ်ပေးနိုင်ခြင်းမရှိဘဲ ကြားနေအဖြစ် ရှိနေသင့်ပါသလော။
         
ကောင်းမှုနှင့် မကောင်းမှုဆိုသည့် ကျင့်ဝတ်ဆိုင်ရာ ကျမ်းဂန်များအလိုအရ အထက်ပါမေးခွန်းများကပင် နိုင်ငံရေးဒဿနဆိုင်ရာ ရှေးရိုးစံထားအမြင်နှင့် ခေတ်သစ်အတွေးအမြင်တို့ကို စည်းတားခွဲခြားပေးခဲ့ခြင်းဖြစ်ပါသည်။ အရစ္စတိုတယ် (Aristotle) ၏ အမြင်အရ 'တရားမျှတမှု' ဆိုသည်မှာ လူထုကို ယင်းတို့နှင့်ထိုက်တန်သည့် ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများကို အပ်နှင်းခြင်းပင်ဖြစ်၏။ ထိုသို့အပ်နှင်းရန်အတွက် မည်သူက မည်သည်နှင့်ထိုက်တန်သည်ကို ဆုံးဖြတ်ရန် ကောင်းမှုနှင့် မကောင်းမှုတို့ကို ခွဲခြားနိုင်ရမည်ဖြစ်ပြီး မည်သို့သော ကောင်းမှုက မည်မျှထိုက်တန်သည်ကိုလည်း အဆုံးအဖြတ်ပေးရမည်ဖြစ်၏။ ထို့ပြင် သူ၏အယူအဆအရ မည်သို့သော လူမှုဘဝပုံစံက လူထု၏စိတ်ဆန္ဒနှင့် ကိုက်ညီသည်ကို တိုင်းပြည်၏ဖွဲ့စည်းပုံဥပဒေ၏စနစ်တစ်ရပ်က ရောင်ပြန်ဟပ်ပြနိုင်စွမ်းမရှိလျှင် အဆုံးအဖြတ်ပေး ပုံဖော်နိုင်ရန် အခက်အခဲရှိ၏။ ချုပ်လိုက်လျှင် အရစ္စတိုတယ်၏ သဘောထားမှာ ပြည်သူလူထု၏ ကောင်းမွန်သော နေထိုင်မှုဘဝပုံစံကို ပုံဖော်ပေးနိုင်ရေးတွင် တရားဥပဒေသည် ကြားနေပေး၍မဖြစ်နိုင်ပေ။
         
အထက်ပါအမြင်နှင့် ဆန့်ကျင်စွာပင် ခေတ်သစ် ဒဿနပညာ၏ဖခင် အီမယ်နျူရယ်ကန့် (Immanule kant) မှ ၂ဝ ရာစု နိုင်ငံရေးဒဿနပညာရှင် ဂျွန်ရောလ် (John Rawls) အထိသော ပုဂ္ဂိုလ်ကြီးများကမူ တရားမျှတမှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုမှုသည် ကောင်းမွန်သောကျင့်ဝတ် (သို့) လူမှုဘဝပုံစံစသည့် အခိုင်အမာ အကြောင်းအချက်အချို့ကို အခြေပြု၍ မဆုံးဖြတ်သင့်၊ တရားမျှတသည့် လူ့အဖွဲ့အစည်း၌ ကောင်းမွန်သော နေထိုင်မှုဘဝပုံစံကို ရွေးချယ်ခွင့်တွင် လူတစ်ဦးချင်းစီ၏ လွတ်လပ်မှုကို အပြန်အလှန် လေးစားအသိအမှတ်ပြုရန် လိုအပ်လိမ့်မည်ဟု ယူဆကြသည်။ ဆိုရလျှင် ကျမ်းရိုးအယူအဆများက 'ကောင်းမြတ်မှန်ကန် သောကျင့်ဝတ်'ကို စံထားခဲ့ကြပြီး ခေတ်သစ်နိုင်ငံရေးဒဿနကမူ 'လွတ်လပ်ခွင့်ကို မဏ္ဍိုင်ပြု စဉ်းစားတွေးခေါ်ခဲ့ကြပေသည်။
         
ဆိုရလျှင် အထက်ပါနိုင်ငံရေးဒဿနနှင့် စပ်လျဉ်းသည့် ရှေးရိုးစံထား အမြင်များနှင့် ခေတ်သစ်ဒဿနအယူ အဆများ ကိုယ်စီပင်လျှင် အားကောင်းချက်အားနည်းချက် ကိုယ်စီရှိကြသည်ပင်ဖြစ်၏။ အထူးသဖြင့် ဒဿနပညာရှင်များအကြားထက် သာမန်ပြည်သူလူထုအကြားတွင် 'တရားမျှတမှု' ဆိုသည်နှင့် စပ်လျဉ်း၍ ပိုမိုကျယ်ပြန့်ရှုပ်ထွေးသော အမြင်အမျိုးမျိုး ရှိတတ်ကြပေသည်။ စင်စစ်အားဖြင့် 'တရားမျှတမှု'ကို အလေးအနက် ဖွင့်ဆိုရခြင်းမှာ လူ့လောကအနှံ့အပြားတွင်  'မတရားမမျှတမှုများ' အနှံ့အပြားရှိသောကြောင့်ပင် ဖြစ်၏။ မတရားမမျှတမှုများကို ကျော်လွှားအနိုင်ယူနိုင်ရေးအတွက် တရားမျှတမှု၏ အခြေခံများကို ရှင်းလင်းပီပြင်စွာ နားလည်ထားရန် လိုအပ်ပေသည်။ လူတိုင်း တရားမျှတမှုကို လိုလားတောင်းဆိုကြခြင်း၏ ဦးတည်ချက်မှာ ကောင်းမြတ်မှန်ကန်သည့် ကျင့်ဝတ်များ လွှမ်းမိုးသည့် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်းမျိုးကို ဖန်တီးလိုကြ၍ပင်ဖြစ်သည်။ တနည်းဆိုရလျှင် ကြွယ်ဝချမ်းသာ၍ လွတ်လပ်သော လူ့အဖွဲ့အစည်းမျိုးကို တောင့်တလိုလားကြခြင်းဖြစ်၏။ ထိုလိုလားချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲတွင် ထည့်သွင်းတည်ဆောက်နိုင်မှသာ လူ့အဖွဲ့အစည်းတွင် 'တရားမျှတမှု'သည် ရှင်သန်သက်ဝင်လာမည်ဖြစ်သည်။ ထို့ကြောင့်လည်း လွတ်လပ်ရေးခေတ် နိုင်ငံတော်သီချင်းတွင်
'တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ
ဒို့ပြေ ဒို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြေ' စသည့် စကားလုံးများ ပါဝင်ခဲ့ခြင်း ဖြစ်ပေမည်။

                            

No comments:

Post a Comment