Friday, March 21, 2014

ဘာသာရှိ၊ ဘာသာမဲ့နဲ့ ဘာသာလွတ်လူသားတို့အကြောင်း (၃)

ဘာသာရှိ၊ ဘာသာမဲ့နဲ့ ဘာသာလွတ်လူသားတို့အကြောင်း (၃)
-လင်းထက်ဆွေ-

(အကြောင်းအမျိုးမျိုးကြောင့် အပိုင်း-၃ တင်ဆက်ပေးရန် နောက်ကျသွားသည့်အတွက် အနူးအညွှတ်တောင်းပန်အပ်ပါသည် ..)



တကယ်ပဲ လူတစ်ယောက်မှာ ရွေးချယ်စရာက ဘာသာရှိအဖြစ်နဲ့ ဘာသာမဲ့အဖြစ် နှစ်မျိုးပဲ ရှိသလား။ စာရေးသူတို့ ငယ်စဉ်ကာလတုန်းကတော့ ဘာသာမဲ့အဖြစ်ဆိုတာတောင် ရွေးချယ်ခွင့်မရှိသလိုပါပဲ။ လူမှန်ရင် ဘာသာတစ်ခုခု ရှိကိုရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းက အသေဆုပ်ကိုင်ထားပါတယ်။ ဒီနေ့ခေတ်ကာလကတော့ အရင်ထက်စာရင် လူတွေရဲ့ ပုဂ္ဂလိကယုံကြည်မှုတွေကို ပိုမိုလွတ်လပ်ခွင့်ပေးလာလို့ ဘာသာမဲ့ရပ်တည်သူတွေလည်း ရှိလာပါပြီ။ ဒါပေမယ့် ဘာသာမဲ့တွေ ရဲ့ တရားဝင်ရပ်တည်မှု ရရှိအောင်တော့ ကာလအတော်ကြာအောင်စောင့်ရလိမ့်ဦးမယ်လို့ ယူဆပါတယ်။ 
မိမိရဲ့ကိုယ်ပိုင်အမြင်ကို ပြောရရင်တော့ ရွေးချယ်စရာက ဘာသာရှိအဖြစ်နဲ့ ဘာသာမဲ့အဖြစ် နှစ်မျိုးအပြင် နောက်ထပ်တစ်မျိုး ရှိသေးတယ်လို့ မြင်ပါတယ်။ ဘာသာရှိခြင်းက ပထမလမ်း၊ ဘာသာမဲ့ခြင်းက ဒုတိယလမ်းဆိုရင် တတိယလမ်းက ဘာဖြစ်မလဲ။ တတိယလမ်းကတော့ ဘာသာစွဲမရှိတဲ့ ဘာသာလွတ်သူ (Religious Free Thinker) ရဲ့လမ်း ဖြစ်မယ်ထင်ပါတယ်။ ဘာသာလွတ်သူရဲ့ ရပ်တည်မှုကတော့ ထူးခြားတဲ့အနေအထားဖြစ်တယ်လို့ ထင်ပါတယ်။ ဘာသာလွတ်သူရဲ့ ခံယူချက်တွေထဲက အချို့ဟာ ဘာသာရှိသူတွေနဲ့ တူနေမယ် အချို့တွေကတော့ ဘာသာမဲ့သူတွေနဲ့ ဆင်ဆင်တူနေမယ်။ နောက်ပြီးတော့ ဘာသာရှိသူရော ဘာသာမဲ့သူမှာပါ မရှိတဲ့ သီးခြားသဘောဆောင်တဲ့ ခံယူချက်တွေလဲ ဘာသာလွတ်သူတွေမှာ ရှိနေတယ်ဆိုတာ တွေ့ရတယ်။ ဘာသာလွတ်သူဟာ ငယ်စဉ်က ဘာသာရှိသူ ဖြစ်ခဲ့မယ်။ ကြီးပြင်းလာတဲ့အခါ ဘာသာမဲ့သူ အဖြစ်ကိုလည်း ရောက်ချင်ရောက်ခဲ့ဖူးမှာပဲ။ ဘာသာရှိခြင်းနဲ့ ဘာသာမဲ့ခြင်း ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ကိုယ်တိုင်မြင်တွေ့ခံစားလာရပြီးမှ ဘာသာလွတ်သူအဖြစ်ကို ရောက်ရှိလာခဲ့တာဖြစ်တယ်။

ဘာသာလွတ်သူတွေမှာ ရှိနေတဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ ခံယူချက်တွေကို အနှစ်ချကြည့်ရင် အောက်ပါအတိုင်း တွေ့ရတယ်။

(၁) နာမ်ဝိညာဉ်ပိုင်းဆိုင်ရာပမာဏ(Transcendental/ Spiritual Dimension) ဟာ လူသားဘဝဖြစ်တည်မှုရဲ့ မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းလို့ ခံယူတယ်။ အမြင့်မားဆုံးလောကုတ္တရာသစ္စာတရား ရှိတယ်လို့ မြင်ပါတယ်။ ဒီအမြင့်မားဆုံး လောကုတ္တရာသစ္စာတရားကို လူသားဟာ မျက်မှောက်ပြု ထိတွေ့သိမြင်နိုင်တယ်လို့လည်း မြင်ပါတယ်။(ဒီ အချက်က ဘာသာမဲ့သူတွေ နဲ့ အဓိကကွဲပြားချက်ပဲ ဖြစ်တယ်)

(၂) ဒီ အမြင့်မားဆုံးလောကုတ္တရာ သစ္စာတရားဟာ ဘာသာစကား ပညတ်စံနစ်တွေကို လွန်နေတာကြောင့် သစ္စာတရားကို တစ်စုံတစ်ခုသော ဘာသာရေး အင်စတီကျူးရှင်း-ဂိုဏ်းဂဏ တစ်ခုခုက ယတိပြတ်အကြွင်းမဲ့ ပိုင်ဆိုင်တယ်ဆိုတာကို ငြင်းပယ်ပါတယ်။ (ဒီ အချက်က ဘာသာရှိသူတွေနဲ့ အဓိကကွဲပြားချက်ပဲ ဖြစ်တယ်)

(၃) တစ်ဆက်တည်းအားဖြင့် ဘာသာလွတ်သူတွေဟာ ဘာသာရေး အင်စတီကျူးရှင်း-ဂိုဏ်းဂဏ တစ်ခုခုရဲ့ အကြွင်းမဲ့ဆုံးဖြတ်ခွင့်အာဏာကိုလည်း ငြင်းပယ်ပါတယ်။ ဘာသာလွတ်သူတွေကို ဘယ်ဘာသာဝင်ဖြစ်ပါတယ်လို့ ယေဘုယျပြောလို့ရပေမယ့် ဘာသာတရားကို အနက်ဖွင့်ရာမှာ ဘာသာလွတ်သူဟာ မိမိကိုယ်ကို အပြည့်အဝတာဝန်ယူဖွင့်ဆိုသူ ဖြစ်ပါတယ်။ ဘာသာလွတ်သူတွေ အားလုံးလောက်နီးပါးဟာ ဘာသာရေးဆိုင်ရာ ဂိုဏ်းဂဏစွဲမထားသူတွေ ဖြစ်ကြတယ်။

(၄) အမြင့်မားဆုံးလောကုတ္တရာသစ္စာတရားဟာ အဆင့်မြင့်ဘာသာတရားကြီးတွေအားလုံးမှာ အသွင်အမျိုးမျိုး အကန့်အသတ်အမျိုးမျိုးနဲ့ ဖော်ဆောင်တည်ရှိနေနိုင်ခွင့်ကို အလေးအနက်ယုံကြည်ပါတယ်။ ဓမ္မတရားအသီးသီးရဲ့ ကွဲပြားခြားနားသောပန်းတိုင်များ တည်ရှိနေမှုကို လက်ခံပါတယ်။

(၅) တစ်ဆက်တည်းအားဖြင့် ဘာသာလွတ်သူတွေဟာ အမြင့်မားဆုံးလောကုတ္တရာ သစ္စာတရားထံကို ချဉ်းကပ်ရောက်ရှိနိုင်တဲ့ နည်းလမ်းတွေလည်း များစွာရှိနိုင်တယ်ဆိုတဲ့အချက်ကို လက်ခံသူတွေ ဖြစ်ပါတယ်။

(၆) ဘာသာလွတ်သူတွေဟာ ဓမ္မတရားအသီးသီးတွေရဲ့ မတူကွဲပြား ခြားနားမှုကို လက်ခံတဲ့အပြင် ဓမ္မတရားတစ်ခုစီရဲ့ ဘောင်ထဲမှာလဲ မတူကွဲပြား ခြားနားတဲ့ အနက်ဖွင့်ဆိုချက်တွေ ရှိနေတာ ဖြစ်သင့်တဲ့၊ သဘာဝကျတဲ့အရာဖြစ်တယ်ဆိုတာကို လက်ခံပါတယ်။

(၇) ဘာသာလွတ်သူတွေဟာ မိမိစရိုက်သဘာဝနဲ့ ကိုက်ညီတဲ့ဓမ္မတရားတစ်ခုခုကို အခြေခံထား ကျင့်သုံးဆောက်တည်သော်လည်း အခြားအခြားသော မိမိနဲ့ အလျှော်ဖြစ်တဲ့ ဓမ္မတရားတွေရဲ့ သွန်သင်ချက်တွေကိုလည်း ဝေဖန်ဆန်းစစ်ကာ လက်ခံကျင့်သုံးခြင်း ပြုနိုင်သူတွေ ဖြစ်ပါတယ်။

(၈) ဘာသာလွတ်သူတွေဟာ အခြားသော ဓမ္မတရားတွေအပေါ်သာမက ဒဿနပညာ၊ သိပ္ပံပညာ၊ အနုပညာ၊ လူမှုသိပ္ပံပညာ စသော ဘာသာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးရဲ့ ကြိုးစားအားထုတ်လေ့လာတွေ့ရှိချက်များကိုလည်း ပွင့်လင်းတက်ကြွသောအမြင်၊ အစွဲလွတ်သောစိတ်ထားနဲ့ ဝေဖန်ဆန်းစစ်ကာ လက်ခံကျင့်သုံးခြင်း ပြုနိုင်သူတွေ ဖြစ်ပါတယ်။

ဘာသာရေး အပေါ် ဘာသာလွတ်သူရဲ့အမြင်

ဒီအချက်တွေကိုကြည့်ရင် ဘာသာလွတ်သူဆိုတာ ဘာသာရေးအစဉ်အလာတစ်ခုခုကိုပဲ ဘောင်ခတ်မစွဲလမ်းသူ ဘာသာရေးအင်စတီကျူးရှင်းများနဲ့ လွတ်ကင်းစွာရပ်တည်နေသူဖြစ်ပေမယ့် ဘာသာမဲ့သူလို ဘာသာရေးဆိုင်ရာပန်းတိုင်ကျင့်စဉ်နဲ့ အမှန်တရားတွေကို ပစ်ပယ်သူတွေ မဟုတ်တာကို တွေ့ရပါတယ်။ ဒေါင်းငှက်တွေဟာ ရေသောက်တဲ့အခါမှာ အဆိပ်အတောက်ကို ဖယ်ရှားပြီးတော့ သန့်စင်တဲ့ရေကို ခွဲထုတ်ပြီးသောက်နိုင်သလိုပဲ ဘာသာလွတ်သူဟာ ဘာသာရေး အစဉ်အလာတွေမှာ ရှိနေတဲ့ တရားသေဝါဒ အဆိပ်အတောက်တွေကို ဖယ်ရှားပြီး မိမိရဲ့ ဓမ္မခရီးအတွက် အသုံးဝင်မယ့်၊ လက်တွေ့အကျိုးရှိမယ့် သွန်သင်ချက်တွေ၊ တရားဓမ္မတွေကို ထုတ်ယူကျင့်သုံးနိုင်သူ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဘာသာလွတ်သူဆိုတာ “ဝိညာဉ်ရေးဆိုင်ရာတန်ဖိုးတွေကိုအသိအမှတ်ပြု တန်ဖိုးထား ကျင့်သုံးနေတဲ့ လူသားဝါဒီ” (Spiritual Humanist) တစ်ယောက်ပဲလို့ ယေဘုယျ ဆိုနိုင်ပါလိမ့်မယ်။

အပိုင်း-၄ ဆက်ပါဦးမည် ...။

1 comment: