Saturday, March 1, 2014

အကျိုးလိုလို့ အခြေခံဥပဒေပြင်သော လွတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်း


            အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းတဲ့အခါ အလုပ်လုပ်ဖို့ အချိန်တိတိ ကျကျ ပေးမထားတဲ့အတွက် အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းချက်ဟာ
 ရေပေါ်အရုပ်ရေးသလို လက်တွေ့ ဖြစ်ဖို့မလွယ်ဘူးဆိုတာကို တင်ပြခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူ့ကို အကောင်အထည်ဖော်ရေးကော်မတီက လုပ်ငန်း လမ်ညွှန်မှုတောင်းခံသဖြင့်
လမ်းညွှန်ချက်ငါးရပ်ကို ဦးရွှေမန်း က ချမှတ်ပေးခဲ့သည်။ လမ်းညွှန်ချက်များကို သတင်းစာများက တင်ပြရာတွင် တိကျရေရာမှုမရှိလှသည်ကို တွေ့ရသည်။ လမ်းညွှန် ချက်များကိုဖတ်ရာတွင် စာအရေးအသားစနစ်မှာ ရှင်းလင်းလွယ် ကူစွာနားလည်ရန် အတော်ခက်ခဲသည်ကို တွေ့ရသည်။ ကျွန် တော့်အနေဖြင့် ဦးရွှေမန်း ဘာကိုဆိုလိုသည်ကို ၄၅ မိနစ်ခန့် ဖတ်လိုက်၊ ခဏနားလိုက်၊ စဉ်းစားလိုက်လုပ်မှ တဖြည်းဖြည်း သဘောပေါက်ပါသည်။

အခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီက လုပ်ဆောင်ရမည့် ရည်မှန်းချက်များမှာ
 နိုင်ငံတော်တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ ဖြိုးတိုးတက်မှုတို့ကို ခေတ်နှင့်လျော်ညီစွာ တည် ဆောက်နိုင်ရေး၊ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုဖြင့် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင် စေရေးတို့ ဖြစ်သည်။ ထိုအချက်များတွင် နိုင်ငံတိုးတက်စေရန်၊ ငြိမ်းချမ်းရေးရရန်နှင့် ပြောင်းလဲရေးဖြစ်စဉ်ကို အရှိန်အဟုန်မပျက် စေရေးတို့ကို ဦးတည်ထားပြီး၊ ယခုကာလ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တွင် ဒီမိုကရေစီဓလေ့၊ သွင်ပြင်လက္ခဏာရပ်များနှင့် တန်ဖိုးများကို အစေ့ချစိုက်ပျိုး၊ တိုးတက်အောင်ပြုလုပ်မည့် ရည် မှန်းချက်များ မရှိသည်ကို တွေ့ရသည်။
ဒီမိုကရေစီစံနှုန်းများထက် တိုင်းပြည်တိုးတက်ရေးကို ဦး တည်ထားသော လေ့လာသုံးသပ်ရေးကော်မတီ ရည်မှန်းချက် များကို အကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်းစဉ်များ အဖြစ် ဦးရွှေမန်းက သတ်မှတ်ပေးထားသည်။ ဆက်လက်ပြီး ဦးရွှေမန်းက ဆက်လက်သတ်မှတ်ထားသည်မှာ လွှတ်တော် အစည်းအဝေးများရှိသည့်အချိန်တွင် တစ်ပတ်တစ်ခါ အနည်းဆုံး၊ လွှတ်တော်အစည်းအဝေးများ မရှိသည့်ကာလတွင် တစ်လတစ်ခါ အနည်းဆုံး ကော်မတီအနေဖြင့် အစည်းအဝေးထိုင်ရမည် ဖြစ် သည်။ ၂ဝ၁၅ မတိုင်မီ ၆ လတာကာလတွင်း ပြင်ဆင်သင့်သည့်  အကြောင်းအရာများကို ဥပဒေပြုပြင်ဆင်ပြီးဖြစ်အောင် လုပ်ငန်း အစီအစဉ်ပြအချိန်ဇယား သတ်မှတ်ဆောင်ရွက်ရမည်ဟု ဆို သည်။ ကော်မတီအနေဖြင့် အခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာအခန်း (၁၂) ပါ အချက်လက်များကို စဉ်းစားရာတွင် အခြေခံ ဥပဒေပြင်ဆင်ရာတွင် ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး လျော့ နည်းစေရန်၊ ပြည်ထောင်စုလွှတ်တော်အခန်းကဏ္ဍ မြင့်တက် လာစေရန်နှင့် ကော်မတီလုပ်ငန်းများအား အထောက်အကူပြု  စေရေးကို ဆွေးနွေးရမည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လွှတ်တော်တွင် တပ်မတော်၏ လက်ရှိပါဝင်နေသောအခန်းကဏ္ဍကို ဒီမိုကရေစီ ဘောင်အတွင်း ရောက်ရှိလာစေနိုင်သည့် နည်းလမ်းများကို ကော်မတီက ထည့်သွင်းစဉ်းစားရမည်။  ထာဝရငြိမ်းချမ်းရေး ရ ရေးအတွက် ဗဟိုဦးစီးစနစ်များလွန်းသည့် ကိစ္စရပ်များကို လျှော့ ချရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူ ညီမျှအခွင့်အရေးတို့အား လိုအပ်ပါက ပြင်ဆင်နိုင်ရန် လေ့လာ သုံးသပ်ရမည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ဆောင်ရွက်ရာ တွင် ဖြစ်စဉ်ကို ထိခိုက်စေသောကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သမ္မတအုပ်ချုပ်ရေးစနစ်နှင့် ပါလီမန်အုပ်ချုပ်ရေးစနစ် ပေါင်းစပ် ထားသော ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးထားခြင်း၊ သမ္မတအား ရွေးချယ်မှုပုံစံသည် ပါလီမန်အုပ်ချုပ်ရေးစနစ်၏ ဝန်ကြီးချုပ် ရွေးချယ်မှုနှင့် ပုံစံတူညီစွာသတ်မှတ်ထားခြင်း၊ သမ္မတ၊ ဒုသမ္မတ နှင့် ပြည်ထောင်စုအဆင့်ဝန်ကြီးများသည် ခန့်အပ်ခြင်းခံရပြီးပါ က လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့်မရှိခြင်းနှင့် ပါတီတွင် ဆောင်ရွက်ခွင့်မရှိတော့ခြင်းတို့ကို လိုအပ်ပါက ပြင် ဆင်နိုင်ရန် လေ့လာသုံးသပ်ရမည်။ 

ထို့အပြင် နိုင်ငံသားများ၏ အခွင့်အရေးများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် အထောက်အကူ ပြုရေး၊ သမ္မတ၊ ဒုသမ္မတနှင့် ဝန်ကြီးများကို  ခန့်အပ်ရာတွင် လွှတ်တော်အမတ်များထဲမှသာ ခန့်အပ်ခြင်းဖြင့် ဒီမိုကရေစီဖော် ဆောင်မှုညီညွတ်မှုရှိစေရေးတို့ ဖြစ်သည်။ ထို့အပြင် နိုင်ငံနှင့် နိုင် ငံသားအကျိုးစီးပွားဖြစ်ထွန်းစေမည့် ပြည်ထောင်စုဒီမိုကရေစီစနစ် (ဖယ်ဒရယ်ဒီမိုကရေစီ) စနစ် အကောင်ထည်ဖော်မှု ဖြစ်စေရ မည်ဟု ဦးရွှေမန်းက လမ်းညွှန်ထားပါသည်။ ဦးရွှေမန်း၏ လမ်း ညွှန်ချက်များကို ကျွန်တော်သဘောပေါက်သလို တင်ပြရပါစေ။ စစ်အစိုးရလက်ထက်တွင် နံပါတ် ၃ ဖြစ်ခဲ့ပြီး သမ္မတဖြစ်ချင်ပါ သည်ဟု ဝန်ခံပြီးနောက် ဒီမိုကရေစီကို ကရားရေလွှတ် တတွတ် တွတ် ပြောကြားလာခဲ့သော ဦးရွှေမန်းအပေါ် ကျွန်တော့်တင်ပြ ချက်များသည် သံသယမျက်လုံးဖြင့် လမ်းညွှန်ချက်များ နောက် ကွယ်က သူ၏မဟာဗျူဟာကို ဖော်ထုတ်ပါရစေ။
ပထမဦးဆုံးအနေဖြင့် လူတိုင်းပြင်ချင်နေသော ၅၉ (စ)ကို ပြင်ခြင်းထက် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အခန်း ၁၂ ပါ အချက်အလက်များကို ဘယ်လိုပြင်မလဲဆိုသည့် အချက်က လက်တွေ့ကျကျ နိုင်ငံရေးကိုမြင်သူများအတွက် အားတက်စေ သည်။ ထို့ပြင် ကြံခိုင်ရေးပါတီထဲမှာ ၅၉(စ)မပြင်ချင်သောသူ တွေနှင့် ရန်အေးသွားစေသည်။ အခန်း ၁၂ ထဲမှ ပုဒ်မ ၄၃၆ ဆိုင်ရာ ဥပဒေများကိုပြင်ရာတွင် လမ်းညွှန်ထားချက်များမှာ ပြည်သူ့ဝန်ထုပ်ဝန်ပိုး လျော့နည်းရေး၊ လွှတ်တော်ကဏ္ဍမြင့်မား လာရေးဆိုသည့်အတွက် ၁၉၄၇ အခြေခံဥပဒေကဲ့သို့ အခြေခံ ဥပဒေကိုပြင်ဆင်ရာတွင် ပြည်သူဆန္ဒမပါဝင်ဘဲ လွှတ်တော် အမတ်ပေါင်း သုံးပုံနှစ်ပုံက သဘောတူညီပါက ပြင်ဆင်ခွင့်ရ နိုင်သည်ကို ဆောင်ရွက်ဖွယ်ရှိသည်။ ထို့ပြင် လွှတ်တော်၌ တပ် မတော်၏လက်ရှိ ပါဝင်မှုအခန်းကဏ္ဍအား ဒီမိုကရေစီဘောင် အတွင်းရောက်ရှိနိုင်စေမည့် နည်းလမ်းများကို စဉ်းစားရမည် ဆိုခြင်းမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးများတွင် စစ်သားအမတ် ၂၅ ရာခိုင်နှုန်းကို ကာချုပ်က သူ့သဘောနှင့်သူ ခန့်အပ်ခြင်းကို ပယ်ဖျက်ပြီး၊ ဒီမို ကရေစီနည်းကျဟု ဆိုသည့်အတွက် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ခြင်းထက် စစ်တပ်ကရွေးကောက်သည့် သ ဘောလည်း ဖြစ်နိုင်သည်။ ငြိမ်းချမ်းရေးအတွက် ဗဟိုဦးစီးစနစ်များလွန်းသည့်ကိစ္စများ လျော့ချရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှကိစ္စတို့ကို လိုအပ်ပါက ပြင်ဆင်နိုင်ရန် လေ့လာ သုံးသပ်ရေးဟု ဆိုထားသည်။ လိုအပ်ပါကဟုဆိုသည့်အတွက် မဖြစ်မနေလုပ်ရမည့် သဘောမသက်ရောက်ပေ။
အလုံးစုံကို အုပ်စိုးထားသည့် မဟာဗမာဝါဒကို လျော့ပေးရမည်ဖြစ်သည်။ လက်တွေ့အောင်မြင်ရန် ခက်ခဲနိုင်သော်လည်း လွှတ်တော်တွင်း ရှိတိုင်းရင်းသားပါတီတို့ကို သည်းခြေကြိုက်စေနိုင်သည်။ သမ္မတ ရွေးကောက်ပုံစံနစ်၊ ပါလီမန်ဒီမိုကရေစီမကျ၊ သမ္မတအား တိုက် ရိုက်ရွေးကောက်သည့် စနစ်မဟုတ်သည့် နှစ်မျိုးစလုံးကို ယခု ၂ဝဝ၈ ရွေးကောက်ပွဲစနစ်သည် အမှန်တကယ်တော့ အလုပ်မဖြစ်ပေ။

 ဝက်စ်မင်န်စတာပါလီမန်အစိုးရ ကျင့်သုံးသော ဂျာမနီနှင့် ဗြိတိန်တွင် လွှတ်တော်ရွေးကောက်တွင် မဲအများဆုံးနိုင်သော ပါတီခေါင်းဆောင်က ဝန်ကြီးချုပ်လုပ်ပြီး၊ ဝန်ကြီးများကို လွှတ် တော်အမတ်များထဲမှ ခန့်အပ်သည့်အတွက် အစိုးရလုပ်သမျှ ကို လွှတ်တော်အား တိုက်ရိုက်တာဝန်ခံရသည်။ သမ္မတအား တိုက် ရိုက်ရွေးကောက်တင်မြှောက်သော အမေရိကန်တွင် သမ္မတအား ပြည်သူများက တိုက်ရိုက်ရွေးကောက်ပြီး၊ သမ္မတက မည်သူကို မဆို ဝန်ကြီးအဖြစ် ခန့်အပ်ရန် ပါလီမန်က တင်ပြရလေ့ရှိသည်။ ထိုဝန်ကြီးလောင်းများကို လွှတ်တော်နှစ်ရပ်က ပူးပေါင်းကော်မတီ က လူသိရှင်ကြားမေးခွန်းများမေးမြန်းပြီး အရည်အချင်းအား ကျေနပ်ကြမှ ခန့်အပ်လေ့ရှိသည်။ ၂ဝဝ၈ အခြေခံဥပဒေအရ သမ္မတက ခန့်အပ်သော ဝန်ကြီးများကို လွှတ်တော်က အတည်ပြု ပေးရသည်။၂ဝဝ၈ အခြေခံဥပဒေအရ လွှတ်တော်ရွေးကောက်ပွဲ တွင် အနိုင်ရသူသည် တိုက်ရိုက်သမ္မတမဖြစ်နိုင်သေးဘဲ လွှတ် တော်နှစ်ရပ်မှ ရွေးကောက်သူ၊ စစ်တပ်အမတ်များက တင်မြှောက် သူများနှင့် ထပ်မံရွေးကောက်ခံရသေးသည့်အတွက် ပြည်သူ့ ဆန္ဒကို မျက်ကွယ်ပြုရာရောက်သည်။ တစ်နည်းဆိုရသော် မြန်မာ သမ္မတသည် လွှတ်တော်၏ အထိန်းအကွပ်အောက်မှ အနည်းငယ် သက်သာခွင့်ရနေသည်။ သမ္မတအဖြစ်လည်းကောင်း၊ ဝန်ကြီး အဖြစ်လည်းကောင်း ခန့်အပ်ခံရပြီးပါက ပါတီနှင့် ကင်းလွတ် သွားသည့်အခွင့်အရေးကို အသုံးချပြီး၊ မိမိသာလျှင် ပါတီဥက္ကဌ  အဖြစ် ရယူခဲ့သည့်သင်ခန်းစာကို အသုံးချပြီး၊ အုပ်ချုပ်ရေးတွင် အမြင့်ဆုံးအဆင့် တာဝန်ယူပြီးသည့်နောက် ပါတီတွင် ဆက်လက် ဆောင်ရွက်ခွင့်ဆုံးရှုံးသည့်၊ မျောက်သစ်ကိုင်းလွတ်သည့် အနေ အထားကိုရိပ်မိသည့် ဦးရွှေမန်းက ယခုအနေအထားကို ကာကွယ် မည့်သဘောရှိသည်။ စိတ်ဝင်စားဖို့အကောင်းဆုံးမှာ သမ္မတ၊ ဒုသမ္မတနှင့် ဝန်ကြီးအဆင့်များကို လွှတ်တော်အမတ်များထဲမှ သာ ရွေးချယ်သည့် ဝက်စ်မင်န်စတာစနစ်ကို အသက်သွင်းခြင်း ဖြစ်သည်။ ယင်းအချက်မှာ ဦးရွှေမန်းအတွက် အဓိကမဟာဗျူဟာ ကျနေပါသည်။ ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂ဝ၁၅ ရွေးကောက်ပွဲတွင် စစ်တပ်မှတင်မြှောက်သော ဒုတိယ သမ္မတဖြစ်လာနိုင်ပြီး လက်ရှိသမ္မတအရည်အချင်း သတ်မှတ်ချက် ကြောင့် သမ္မတဖြစ်လာနိုင်သူဟု မှန်းဆချက်များရှိနေသည်ကို ဦးရွှေ မန်းကလည်း သိသည်။ ထို့ကြောင့်  တပ်မတော်အမတ်များ ကို ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ခြင်းထက်၊ ဒီမို ကရေစီနည်းကျ (ကျွန်တော့်တွက်ကိန်းအတိုင်းမှန်ပါက) ရွေး ကောက်ခံရလျှင်၊ သမ္မတ၊ ဒုသမ္မတတို့အား လွှတ်တော် အမတ် ထဲမှ ရွေးကောက်ရမည်ဆိုလျှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဒုသမ္မတအဖြစ် တပ်မတော်သားအမတ်များက တင်မြှောက် ရန် မလွယ်တော့ပေ။ ထို့ကြောင့် ဦးရွှေမန်းအနေဖြင့် သမ္မတ ဖြစ်လာနိုင်ဖွယ်ရှိသော ပြိုင်ဘက်လောင်းကို လမ်းပိတ်ပြီးသား ဖြစ်သွားတော့သည်။ ထို့ပြင် လမ်းညွှန်ချက်ထဲတွင် ပုဒ်မ ၅၉ (စ) အား ပြင်ဆင်ရမည်ဆိုသည့်အချက် တိတိကျကျ မဖော်ပြထား သည့်အပြင် ၂ဝ၁၅  ရွေးကောက်ပွဲမတိုင်မီ ၆ လအလိုတွင် ပြင်ဆင်ပြီးဖြစ်ရမည်ဟု ဆိုသည့်အတွက် သမ္မတရာထူးအား လွှတ်တော်အမတ်ထဲကသာ ရွေးကောက်နိုင်ရေးကို သူ့ လမ်း ညွှန်ချက်အတိုင်း ပြင်ဆင်နိုင်ခဲ့ပြီး၊ ၅၉(စ)ကို မပြင်ဖြစ်ခဲ့ပါက  သမ္မတလောင်းမှာ သူသာလျှင်ကျန်တော့သည်။ သူရဦးရွှေမန်း ပြင်စေချင်သည့် လမ်းညွှန်ချက်များသည် ၂ဝဝ၈ အခြေခံဥပဒေကို အနှစ်သာရအရရော အသွင်သဏ္ဌာန်အရပါ သိသာစွာကွာခြား အောင် ပြင်ဆင်ခြင်းမဟုတ်ဘဲ သူ၏နိုင်ငံရေးရည်မှန်းချက်အ တွက် ပြင်ဆင်ခြင်းဟု ကျွန်တော်ထင်ပါသည်။ မြန်မာ့စကားပုံ တွင် အကျိုးလိုလို့ ညောင်ရေလောင်း၊ ပတ်မကြီးထမ်းရ ဆိုသည့် စကားရှိပါသည်။ ဦးရွှေမန်းအနေဖြင့် သမ္မတဖြစ်ရေးအကျိုး အတွက် အခြေခံဥပဒေကိုပြင်ရန် ကြိုးစားပါသည်။ သို့သော် ဒီမို ကရေစီတန်ဖိုး၊ စနစ်များရှင်သန်ရေးအတွက်မဟုတ်ဘဲ မိမိ သမ္မတဖြစ်ရေးအတွက်သာ ဖြစ်သဖြင့် အခွင့်အရေးကို မိမိရရ အသုံးချနိုင်သော လက်တွေ့ကျသောနိုင်ငံရေးသမားဟု ကျွန် တော်က သုံးသပ်ချင်ပြီး၊ ဦးရွှေမန်းက ပတ်မကြီးထမ်းရခြင်းရှိ၊ မရှိကိုမူ ဆက် လက်စောင့်ကြည့်ရမည် ဖြစ်ပါသည်။

ငမိုးရိပ်....

No comments:

Post a Comment