Thursday, March 6, 2014

ပုရွက်ဆိတ်များနှင့် နှံကောင် -သစ္စာနီ-



ပုံပြင်ထဲမှာလမ်းလျှောက်ခြင်း
-သစ္စာနီ-

The Ants and Grasshopper



တစ်ခါကတစ်ညနေကျွန်တော်လမ်းလျှောက်လာရင်း နှင်းတွေတဖွဲဖွဲကျလာတာနဲ့ကြုံတယ်။
ကျွန်တော် အံ့သြသွားတယ်။ တကယ်တော့ လက်ရှိရာသီဥတုက 'နွေ' ပါ။
ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ ဆောင်းရောက်တဲ့တိုင်အောင် အခုလို Snow ဆိုတဲ့ နှင်းတွေ ကျလေ့ရှိတာမှ မဟုတ်တာ။ တစ်ခုထူးခြားတာက ကျွန်တော်မှာ ဒီလောက်နှင်းကျနေသည့်တိုင်အောင် အေးမြတဲ့ အတွေ့အထိ မရှိတာပဲ။

ဘာကြောင့်လဲ။ ကျွန်တော် အိပ်မက်များ မက်နေတာလား။
အဲဒီမှာ ခုန်ဆွခုန်ဆွနဲ့ လျှောက်လာနေတဲ့ နှံကောင်တစ်ကောင်နဲ့ ဝင်တိုက်မလို ဖြစ်သွားတယ်။
နှံကောင်ကစပြီး 'ဆောရီးဗျာ'လို့ တောင်းပန်တော့ ပိုအံ့သြသွားတယ်။
ဘာဖြစ်လို့လဲဆိုတော့ တိရိစ္ဆာန်တစ်ကောင်ပြောတဲ့စကားကို ကျွန်တော်က နားလည်နေလို့ပဲ။

 ဒါကြောင့် ကျွန်တော်က ...'ကျုပ်ဘယ်ကိုရောက်နေတာလဲ ကိုနှံကောင်'လို့ မေးလိုက်တယ်။ သူက
'ခင်ဗျားမသိဘူးလား။ ခင်ဗျား အီစွတ်ပုံပြင်ထဲရောက်နေတာလေ' လို့ ပြန်ပြောတယ်။
'ကျုပ်မှာ စားစရာမရှိတော့ဘူး။ ဒါကြောင့် ပုရွက်ဆိတ်တွေဆီသွားမလို့ ထွက်လာတာ' တဲ့။
ကျွန်တော်က ဒီပုံပြင်ကို ဖတ်ဖူးပြီးသားပဲ။ ဒါပေမယ့် သေချာအောင် မေးလိုက်တယ်။

'ကုန်ခဲ့တဲ့ တစ်နွေလုံးလုံး ပုရွက်ဆိတ်တွေဟာ ဆောင်းတွင်းကျရင်စားဖို့ ရိက္ခာတွေကို ကြိုးစားရှာဖွေပြီး သိုလှောင်နေကြတာပဲ။ အဲဒီတုန်းက ခင်ဗျားက ဘာလုပ်နေလို့လဲ' လို့ မေးတော့ နှံကောင်က ...
'ကျုပ် ဘယ်အားရမလဲဗျာ။ ခေါင်းဆောင်ကြီး .. ခေါင်းဆောင်ကြီးဆိုပြီး ဟိုပါတီ၊ ဒီပါတီက ဖိတ်တဲ့ပွဲတွေတက်ရ။ လူထုအစည်းအဝေးပွဲတွေမှာ မိန့်ခွန်းချွေရ၊ ဟိုပွဲတက် .. ဒီပွဲတက် ဖဲကြိုးဖြတ်ရ၊ လမ်းတွေ၊ တံတားတွေဖွင့်ရ၊ ဘယ်မှာ ရိက္ခာစုဆောင်းဖို့ အချိန်ရှိမှာလဲ'

ဒီတော့ ကျွန်တော်က 'ဒါဆိုရင်လည်း ခင်ဗျား ဒီနေရာကနေပဲ လှည့်ပြန်သွားဖို့ကောင်းတယ်။
ဒီပုံပြင်ကို ကျုပ် ကောင်းကောင်းဖတ်ဖူးတယ်။ ပုရွက်ဆိတ်တွေက သူတို့ရဲ့ရိက္ခာတွေကို မချေးငှားဘဲ နှင်ထုတ်လိုက်တာပဲ ခံရလိမ့်မယ် လို့။

ဟုတ်တယ်။ ပုံပြင်ထဲမှာတော့ ဒီအတိုင်းပဲ။
အဲဒါ အီစွတ်ရThe Ants and Grasshopper ပုံပြင်ပေါ့။


မူလဥပဒေသ
ပိုလျှံနေတဲ့အချိန်ကာလမှာ အနာဂတ်ကို လစ်လျူရှုမထားပါနဲ့။


ကျွန်တော့်စကားကို ဂရုမစိုက်ဘဲ နှံကောင်က ပုရွက်ဆိတ်တွေဆီ ရောက်အောင်သွားတယ်။
ဘာတွေဖြစ်မလဲ သိချင်တာနဲ့ ကျွန်တော်လည်း နောက်ကလိုက်သွားတယ်။
နှံကောင်ကိုတွေ့တော့ ပုရွက်ဆိတ်တွေက
'အသင် နှံကောင် .. ရိက္ခာချေးဖို့လာတာမဟုတ်လား။ တို့ မချေးနိုင်ဘူးလို့' ပြောတယ်။

ဒီတော့ နှံကောင်က ...
'ငါက ချေးဖို့လာတာ မဟုတ်ဘူး။ မင်းတို့ပစ္စည်းတွေကို သိမ်းဖို့လာတာလို့ ပြောတယ်။ ဂျာမန်ဒဿနဆရာကြီး နစ်ရှေး ပြောတဲ့စကားကို မင်းတို့ကြားဖူးကြတယ်မဟုတ်လား။ Might is Right တဲ့။ အင်အားကြီးမားတာဟာ အမှန်တရားပဲ။ ငါက မင်းတို့ထက် အကောင်လည်း ကြီးတယ်။ အင်အားလည်း ကြီးတယ်' လို့ ပြောပြီး ပုရွက်ဆိတ်တွေရဲ့ရိက္ခာတွေကို သိမ်းပိုက်လိုက် တယ်။ ပုရွက်ဆိတ်တွေကိုလည်း အဲဒီနေရာကနေ မောင်းထုတ်လိုက်တယ်တဲ့။


နောက်တိုးဥပဒေသ
အင်အားနည်းလျှင် အင်အားကြီးသူ၏ အနိုင်ကျင့်ခံရတတ်သည်။


နောက်ဆက်တွဲ …
အဲဒီအရပ်မှာ အခုတော့ 'ပုရွက်ဆိတ်နွေဦး' ဆိုတဲ့ တော်လှန်ရေးတွေ ဘာတွေ ပေါ်ပေါက်လာတယ်လို့ ပြောသံကြားရတာပဲ။

No comments:

Post a Comment