ဘာသာရှိ၊ ဘာသာမဲ့နဲ့ ဘာသာလွတ်လူသားတို့အကြောင်း (၄)
-လင်းထက်ဆွေ-
ယမန်နေ့မှအဆက် ....
ဘာသာလွတ်သူ
ဟာ ဘာသာရေးအစဉ်အလာများကို ဘောင်ခတ်မစွဲလန်းသူ ဖြစ်ပေမယ့် ဘာသာရေးအစဉ်အလာများကို တန်ဖိုးရှိတဲ့
လောကရတနာများ အဖြစ်မြင်ပါတယ်။ ဘာသာရှိသူ ဘာသာစွဲသန်သူတွေဟာ မြေထိန်းနံရံကြီးတွေနဲ့
အလားသဏ္ဍာန်တူပါတယ်။ ဘာသာရှိသူ ဘာသာစွဲသန်သူတွေရဲ့ နှစ်နှစ်ကာကာ ကြိုးပမ်းအားထုတ်မှုဆိုတာတွေ
မရှိခဲ့ရင် တန်ဖိုးရှိတဲ့ လောကရတနာများဖြစ်ကြတဲ့ ဘာသာရေးအစဉ်အလာတွေဟာ အချိန်ရေစီးနဲ့အတူ
ပျောက်ကွယ်ဆုံးရှုံးသွားမှာ ဖြစ်လို့ပါပဲ။ ဒီအတွက်တော့ ဘာသာရှိသူ၊ ဘာသာစွဲသန်သူတွေအားလုံးရဲ့
ကြိုးပမ်းမှုတွေကို ဘာသာလွတ်သူက ကျေးဇူးတင်စွာနဲ့ လေးစားဦးညွှတ်နေပါတယ်။
ဒီလိုဆိုရင် ဘာသာလွတ်သူ
တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ။ ဘာသာမဲ့သူ တစ်ယောက်လိုပဲ ဘာသာရေး အင်စတီကျူးရှင်းများနဲ့
လွတ်ကင်းစွာရပ်တည်ရဲတဲ့သူ ဖြစ်ဖို့လိုအပ်ပါတယ်။ ဓမ္မကို ရှာဖွေရာမှာ လွတ်လပ်ပွင့်လင်းတဲ့
သဘောထားအမြင် ရိုးသားဖြောင့်မတ်တဲ့ စိတ်ထားတွေလည်း လိုအပ်ပါတယ်။ အသိပညာကိုရှာဖွေရာမှာ
အင်္ဂလိပ်ဘာသာစကားဟာ ဓမ္မတရားပေါင်းစုံ၊ ဒဿနပညာ၊ သိပ္ပံပညာ၊ အနုပညာ၊ လူမှုသိပ္ပံပညာစသော ဘာသာရပ်ပေါင်းစုံ
ပွင့်လန်းရာ ဥယျာဉ်သာကြီးလိုပဲဖြစ်လို့ အင်္ဂလိပ်ဘာသာစကားကိုလည်း နက်နက်နဲနဲ ဖတ်ရှုလေ့လာနိုင်ဖို့လဲ
လိုပါလိမ့်မယ်။ ဒါအပြင် မိမိကျင့်သုံးအားထုတ်သော ဓမ္မတရားနဲ့ဆိုင်တဲ့ ဘာသာစကားတွေကို
သိမှတ်နားလည်နိုင်ဖို့လည်း လိုပါလိမ့်မယ်။ မိမိကိုယ်ပိုင် ဝဖန်ဆုံးဖြတ်နိုင်ဖို့အတွက် ဝေဖန်ဆန်းစစ်တွေးခေါ်နိုင်စွမ်း (Critical Thinking Skill) လည်း လိုပါလိမ့်မယ်။
ဒါဆိုရင်
မေးစရာတစ်ခုရှိတယ်။ ဘာသာရှိသူတွေလည်း အလွယ်ရောက်နိုင်တဲ့ ခရီးတစ်ခုကို ဘာသာလွတ်သူက
ဘာလို့ ခက်ခက်ခဲခဲသွားဖို့ ကြိုးစားနေရတာလဲဆိုတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းအတွက် အဖြေက
သုံးပိုင်း ရှိတယ်။
ပထမပိုင်းအဖြေကတော့
ဘာသာလွတ်သူတွေဟာ ဘာသာရှိသူတွေထက်စာရင် ကိုယ်ရည်ကိုယ်သွေး ပြင်းထန်သူတွေ၊ တစ်သီးတစ်သန့်ဖြစ်သူတွေ၊
သူတစ်ပါးကို မယုံတတ်သူတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာသာရေး အင်စတီကျူးရှင်းတွေဟာ
နှစ်ထောင်ချီတဲ့ ဓမ္မရတနာတွေကို သယ်ဆောင်လာတာ ဖြစ်သလို ဒီအထဲမှာ မိမိဓမ္မခရီးအတွက် မလိုအပ်တဲ့အမှိုက်သရိုက်တွေလည်း
ပါနေနိုင်ပါတယ်။ ဓမ္မတရားတစ်ရပ်ကို မျက်စိစုံမှိတ် လက်ခံတာထက် အသေအချော စိစစ်ရွေးချယ်
ကျင့်သုံးအပ်တယ်လို့ ဘာသာလွတ်သူတွေက ခံယူပါတယ်။
ဘာသာတရားအသီသီးဟာ
ပဒေသရာဇ်ခေတ် ယဉ်ကျေးမှုနောက်ခံမှာ ပေါ်ပေါက်လာခဲ့ကြတာ ဖြစ်သလို ခေတ်သစ်လောကရဲ့ သိပ္ပံပညာနဲ့
အခြားသော အဆင့်မြင့်ပညာရေးတွေ မထွန်းကားသေးခင်မှာ ပေါ်ပေါက်ခဲ့ကြတာ ဖြစ်တယ်။ ဒါကြောင့်မို့
ဘာသာတရားတွေရဲ့ အထည်ကိုယ်မှာ ဒီပဒေသရာဇ်ခေတ် ယဉ်ကျေးမှုနောက်ခံကာလက လူမှုရေးတန်ဖိုးတွေ၊
ကိုယ်ကျင့်တရားတန်ဖိုးတွေ ကပ်ပါနေမှာ အမှန်ပါပဲ။ ခေတ်မမီတော့တဲ့ လောကအမြင်၊ ဘဝအမြင်တွေလည်း
ပါနေမှာပါပဲ။ ဘာသာလွတ်သူဟာ ဒါတွေကို စေ့ငုလေ့လာပြီးတော့ စွန့်ဖို့လိုအပ်ရင် သံယောဇဉ်မထားဘဲ၊
မတွယ်တာဘဲ လွတ်လွတ်ကျွတ်ကျွတ်ကြီး စွန့်ပစ်ရဲတဲ့သူလည်း ဖြစ်ပါတယ်။ ဘာသာရှိသူတစ်ယောက်က
ဝေဝေဝါးဝါးနဲ့ ချီတုံချတုံဖြစ်နေမယ့် ကိစ္စမျိုးတွေမှာ ဘာသာလွတ်သူက ရဲရင့်တဲ့ခြေလှမ်းကို
လှမ်းမှာပါပဲ။
ဘာသာလွတ်သူရဲ့အမြင်မှာ
ဘာသာရေးဟာ အသုံးချရမယ့်ကိရိယာပဲ ဖြစ်တယ်။ စင်ပေါ်တင်ပြီးဖူးဖူးမှုတ်ထားရမယ့် အရာမဟုတ်ဘူးလို့မြင်တယ်။
တစ်ဖက်ကမ်းကို ကူးဖို့လှေလို၊ နံရံကို ကျော်တက်ဖို့ လှေကားလိုပဲ သုံးရမယ့်အရာလို့ မြင်ပါတယ်။
အသုံးချရမယ့်ကိရိယာဆိုတာ အသုံးကျဖို့လိုတယ် လက်တွေ့ကျကျ အကျိုးရှိဖို့လိုတယ်လို့ မြင်ပါတယ်။
ဘာသာရေးဟာ လူသားအကျိုးအတွက် တည်ရှိနေတာဖြစ်ပြီးတော့ လူဟာ ဘာသာရေးအကျိုးအတွက် တည်ရှိနေတာ
မဟုတ်ဘူးလို့ မြင်ပါတယ်။ လူသားဟာ ဘာသာရေးအင်စတီကျူးရှင်းတွေရဲ့ မှိုင်းတိုက်အသုံးချမှုကို
ခံရပြီဆိုရင်တော့ ဒါဟာ ဝမ်းနည်းစရာကောင်းတဲ့ လွဲချော်မှုတစ်ခု၊ မှားယွင်းမှုတစ်ခုပါပဲ။
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးတာ ဆေးအတွက်ကြောင့် လေးရတဲ့အဖြစ်မျိုးပါ။
ဒုတိယပိုင်းအဖြေကတော ဘာသာရှိသူတွေရဲ့
ဓမ္မခရီးဟာ Package Tour နဲ့တူပါတယ်။ အားလုံးက အစ မှ အဆုံး အတိအကျပြဋ္ဌာန်းသတ်မှတ်ထားပြီးဖြစ်လို့
အထူးတလည် လုပ်စရာမရှိဘဲ ခေါ်တဲ့နောက်လိုက်၊ ကျွေးတာစား၊ ပြောပြတာနားထောင် ဆိုတာမျိုးပါပဲ။
ဘာသာလွတ်သူတွေရဲ့ ဓမ္မခရီးက Free
Individual Tour နဲ့တူပါတယ်။
အတိအကျ ပြဋ္ဌာန်းသတ်မှတ်ထားတာ ဘာမှမရှိဘဲ မိမိဘာသာတစ်ကိုယ်တော်
စူးစမ်းရှာဖွေသွားရတဲ့အရသာ ရှိပါတယ်။ သစ္စာတရားကို ရှုထောင့်အမျိုးမျိုးကနေ ရှာဖွေနေရတာကိုက
ဓမ္မခရီးတစ်ခုရဲ့အလှ ဖြစ်တယ်လို့ ဘာသာလွတ်သူက ခံယူပါတယ်။
ဒီနေ့ ကမ္ဘာလောကကြီးဟာ တိုင်းပြည်နိုင်ငံပထဝီနယ်နမိတ်တွေ
ကျုံ့လို့တစ်လောကလုံး ရွာကြီးတစ်ရွာလို ဖြစ်လာခဲ့ပါပြီ။ အင်တာနက်နဲ့ ဂြိုဟ်တုဆက်သွယ်ရေးစနစ်တွေကြောင့်
ဘာသာတရားတွေ၊ ယဉ်ကျေးမှုတွေဟာ အပြန်အလှန်မြင်ခွင့်၊ လေ့လာခွင့်ရတဲ့ကာလ ဖြစ်နေပါပြီ။
ဓမ္မတရားအသီးသီးကလည်း ဘူဖေးစားပွဲကြီးလို လူသားရဲ့ရှေ့မှာ အဆင်သင့်ရှိနေခဲ့ပါပြီ။ ဒီလို
အခြေအနေမှာ ပန်းဥယျာဉ်ထဲက ပန်းမာလ်အမျိုးမျိုးရဲ့ဝတ်ရည်ကို သောက်ယူနိုင်တဲ့ ပျားတို့ပမာ
ကျင့်ကြံသင့်တယ်လို့ ဘာသာလွတ်သူက မြင်ပါတယ်။ ပန်းတစ်မျိုးစီမှာ ထူးခြားတဲ့အာဟာရဓာတ်နဲ့
သင်းပျံ့တဲ့မွှေးရနံ့ ကိုယ်စီရှိနေမှာ အမှန်ပါပဲ။ ဘာသာဓမ္မတရားတိုင်းမှာလည်း ကိုယ်ပိုင်အလှတရားတွေ၊
နက်နဲတဲ့သစ္စာတရားတွေ ရှိနေပါတယ်။ ဘာသာလွတ်သူအတွက် အမည်နာမတွေ၊ ဆိုင်းဘုတ်တွေထက် ဓမ္မရသရဲ့
တရားကိုယ် အနှစ်သာရသဘောတွေကိုပဲ ပိုမိုဂရုစိုက်တန်ဖိုးထား ဖွေရှာကျင့်ကြံပါတယ်။
ဓမ္မတရားတစ်ခုဟာ ကိုယ်ပိုင်အရသာတစ်ခုစီနဲ့
စိတ်ဝိညာဉ်ကို အာဟာရ ဖြစ်စေပါတယ်။ ဓမ္မတရားတွေရဲ့ အသုံးဝင်မှုဟာ အသုံးချတတ်သူရဲ့ ကျွမ်းကျင်လိမ္မာမှုအပေါ်ပဲ
တည်တယ်လို့ ဘာသာလွတ်သူက မြင်ပါတယ်။ ဓမ္မတရားတွေရဲ့ မတူခြားနားကွဲပြားမှုကို မြင်သလို၊
ဓမ္မတရားတွေရဲ့ ယေဘုယျဆင်တူမှုသဘောတွေကိုလည်း မြင်ပါတယ်။ ဘာသာလွတ်သူဟာ ဓမ္မတရားတွေကို
ကြည့်တဲ့အခါ အပေါ်ယံခြားနားမှုတွေအောက်က တရားကိုယ်သဘောကိုပဲကြည့်ပြီး ဓမ္မကို သေသေချာချာ
အနက်ထင်အောင် ဖွင့်ဆိုကျင့်သုံးသူသာ ဖြစ်ပါတယ်။
တတိယပိုင်းအဖြေကတော့ ဘာသာလွတ်သူတို့ရဲ့လမ်းဟာ
ထောင်စုသစ်ရဲ့ ဓမ္မခရီးလမ်းအသစ်ဖြစ်တဲ့ ဘာသာရေး ဗဟုဝါဒ (Religious Pluralism) ကို ဖော်ဆောင်နေလို့ပါပဲ။
ငြိမ်းချမ်းတဲ့ကမ္ဘာကြီးဆိုတာ မတူကွဲပြားတဲ့၊ ဗဟုသဘောဆောင်တဲ့ ဘာသာရေးယဉ်ကျေးမှုအမွေအနှစ်တွေ၊
တန်ဖိုးတူ စင်ပြိုင်ရပ်တည်နေနိုင်မှုကို ဝမ်းမြောက်ကြိုဆိုလက်ခံ ကျင့်သုံးနိုင်ခြင်းအပေါ်မှာပဲ
အခြေခံလို့သာ တည်ဆောက်နိုင်တယ်လို့ ဘာသာလွတ်သူတွေက စွဲမြဲစွာယုံကြည်ပါတယ်။
ဘာသာရေးယဉ်ကျေးမှုအမွေအနှစ်တွေဟာ လူမျိုးတစ်မျိုး
ဒေသတစ်ခုနဲ့တင် သက်ဆိုင်တာမဟုတ်ဘဲ လူသားအနွယ်၊ လူ့မိသားစုတစ်ခုလုံးရဲ့ အမွေအနှစ်တွေဖြစ်တယ်လို့
ဘာသာလွတ်သူက ခံယူတယ်။ အတိတ်ကာလတုန်းကတော့ ဘာသာတရားတွေ တစ်ခုနဲ့တစ်ခု ထိတွေ့ကြတဲ့အခါ
တစ်ဖက်ကိုတစ်ဖက်က ယှဉ်ပြိုင်အနိုင်ယူလိုခဲ့ကြတယ်။ မိမိရဲ့ ဘာသာတရားကိုပဲ တစ်လောကလုံး
ယုံကြည်ကိုးကွယ်စေချင်ခဲ့ကြတယ်။ ဒီ စိတ်သဘောထားဟာ လောကရဲ့ သာယာငြိမ်းချမ်းမှုကို အန္တရာယ်ဖြစ်စေကြောင်းကို
လူသားတွေ သိခဲ့ကြပါပြီ။
မျက်မှောက်ခေတ်ကာလအတွက် အသင့်တော်ဆုံးနဲ့
အမှန်ကန်ဆုံး၊ လောကရဲ့ ငြိမ်းချမ်းရေးနဲ့ အလျှော်အဖြစ်ဆုံး ဘာသာရေးရပ်တည်ချက်ကတော့
ဘာသာရေးဗဟုဝါဒ ရပ်တည်ချက်ပဲ ဖြစ်ပါတယ်။ (ဘာသာရေး ဗဟုဝါဒ အကြောင်း ကို သီးခြားဆောင်းပါးတစ်ပုဒ်ရေးပြီး
တင်ပြပါဦးမယ်) ဘာသာရေးဗဟုဝါဒ ဆိုတာကတော့ ဘာသာတရားတွေဟာ ရင်းမြစ်အမျိုးမျိုးကနေ ပေါ်ထွက်လာခဲ့ကြတာဖြစ်လို့
မတူညီတဲ့လမ်းစဉ်တွေ၊ မတူညီတဲ့ ပန်းတိုင်တွေ ရှိနေကြတယ်ဆိုတာ လေးနက်စွာလက်ခံရမယ့် အမှန်တရားပဲ
ဖြစ်ပါတယ်။
ဘာသာရေးဗဟုဝါဒ ရဲ့ အမြင်အရ ဒီဘာသာရေးဗဟုသဘောကို
လက်ခံရုံမက ဒီလိုဘာသာတရားတွေ ကွဲပြားခြားနားစွာနဲ့ တန်ဖိုးတူယှဉ်ပြိုင်ရပ်တည်မှုဟာ လိုလားတောင့်တသင့်တဲ့
အခြေအနေဖြစ်တယ်ဆိုတာကို လက်ခံရမှာဖြစ်တယ်လို့ ဘာသာလွတ်သူက ရှုမြင်သုံးသပ်ပါတယ်။ ဘာသာလွတ်ခြင်းဆိုတာဟာ
ဘာသာမဲ့ခြင်းလို ဘာသာတရားတွေရဲ့ အနှစ်သာရတန်ဖိုးကို မပစ်ပယ်သလို ဘာသာရှိခြင်းလိုမျိုး
မိမိအသိဥာဏ်ကို ဘာသာတရားတစ်ခုခုရဲ့ ဘောင်ထဲမှာပဲ လှောင်ပိတ်သော့ခတ် မထားပါဘူး။ အနာဂတ်ရာစုနှစ်တွေမှာ
ဘာသာလွတ်နည်းနဲ့ ဓမ္မခရီးကို လျှောက်လှမ်းသူတွေ များသထက်များလာနိုင်လိမ့်မယ်၊ ဒီလိုများပြားတိုးတက်လာရင်
ဘာသာရေးအစဉ်အလာတွေ အချင်းချင်း အပြန်အလှန်နားလည်မှု လေးစားမှုတွေ တိုးတက်ဖြစ်ပွားလာပြီးတော့ ဘာသာရေးဟာ လူဘောင်လောကတစ်ခုလုံးကို ဥာဏ်ပညာ၊ ချစ်ခြင်းမေတ္တာနဲ့
ထုံမွမ်းစေလို့၊ ဓမ္မတရားတွေရဲ့ ငြိမ်းအေးခြင်းရသကို အမှန်ပဲပေးစွမ်းနိုင်မယ်လို့ ဘာသာလွတ်သူက
လေးနက်စွာခံယူပါကြောင်း တင်ပြအပ်ပါတယ်။